နေ့စဉ်စာဖတ်ကြသူများ


ပထမဆုံးအလုပ်တတ်တဲ့နေ့မှာဒီအချက်အတိုင်းပြုမူသင့်တာ

Myo Wai | 4:22 PM |



ပထမဆုံးအလုပ်တတ်တဲ့နေ့မှာ ဒီအချက်အတိုင်း ပြုမှုသင့်တာ
==================================
အလုပ်ပြောင်းတာပဲဖြစ်ဖြစ်၊ ခုမှ ပထမဆုံးအလုပ် စ၀င်တာပဲဖြစ်ဖြစ် နေရာသစ်၊ ပတ်ဝန်းကျင်သစ်၊ လူသစ်တွေနဲ့ ဆုံတွေ့ရတော့မယ့်အရေးမှာ ဘယ်သူကများ စိတ်မလှုပ်ရှားတာ ရှိမှာလဲနော်။ ဒီတော့ ပထမဆုံး အလုပ်တက်တဲ့အခါ အဲ့ဒီနေ့လေးကို အဆင်ပြေပြေ ဖြတ်ကျော်သွားရုံမက နောက်နေ့တွေပါ အဆင်ပြေစေဖို့ နည်းလေးတွေ ပြောပြပေးချင်ပါတယ်။

အ၀တ်အစားကို သေချာ ရွေးချယ် ၀တ်ဆင်သွားလိုက်ပါ။

ပထမဆုံး အလုပ်တက်တဲ့နေ့မှာ အလွန်အကျူး ပြင်ဆင်သွားဖို့ မလိုပေမယ့် သပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းမယ့် ပုံစံမျိုးလေးတော့ ၀တ်ဆင်သွားသင့်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ဆိုရင် သိပ်တိုလွန်းတဲ့ စကတ်မျိုးတွေ၊ အရမ်းပါးလွှာလွန်းတဲ့ အကျီမျိုးတွေ ရှောင်ဝတ်သင့်ပါတယ်။ အနက်ရောင်ဟာ သပ်ရပ်ပြီး သင့်ကိုကြည့်ကောင်းစေမယ့် ၀တ်စုံပါ။ ဒါကို ဘယ်လိုအဆင်ပြေပြေ၀တ်မယ်ဆိုတာ စဉ်းစားပြီး မြန်မာဝတ်စုံမဟုတ်တောင် စတိုင်လ်ဘောင်းဘီလေးနဲ့ မကျပ်မပွလွန်းတဲ့ ရှပ်အကျီလေးကို တွဲဝတ်တာမျိုးလေးက သင့်အတွက် အဆင်ပြေစေပါလိမ့်မယ်။

ကုမ္ပဏီ၊ ရုံးက လူတွေနဲ့ တန်းပြီး အရောမ၀င်လိုက်ပါနဲ့။

အလုပ်သစ်ရောက်ပြီး နာရီပိုင်းအတွင်းမှာပဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တရင်းတနှီး အတင်းလိုက်ပေါင်းတာမျိုး မလုပ်ပါနဲ့။ စစချင်း မေးထူးခေါ်ပြော အဆင့်လောက်က အကောင်းဆုံးပါ။ စစချင်း ရုံးအကြောင်းတွေ မေးတာ ပြောတာ၊ အပြစ်တင်တာမျိုးတွေ လုပ်မိရင်တော့ သင့်အတွက် နောက်ပိုင်း အခြေအနေမကောင်းဘူးလို့သာ မှတ်ပါ။ ဒီလူတွေထဲမှာ နောက်ကျောဓားနဲ့ထိုးတတ်တဲ့သူ မပါဘူးလို့ သင်အတပ်မပြောနိုင်ပါဘူး။

ကိုယ်ဝင်သွားကတည်းက အားလုံးလှည့်ကြည့်ရအောင် ရေမွှေးတွေ မွှန်ထွန်အောင် မဆွတ်သွားပါနဲ့။

ဒီအချက်ကလည်း အရေးကြီးတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေစေဖို့ အရင်ဆွတ်နေကျထက် ပိုပြီး ရေမွှေးတွေဆွတ်သွားမိရင်တော့ အားလုံးရဲ့လှောင်ပြောင်ရယ်မောခြင်းကို သင်ခံရမှာပါ။ သင်မသိလိုက်ရလေအောင် သူတို့က နာမည်ပြောင်တွေ ဘာတွေတောင် ပေးချင်ပေးထားဦးမှာနော်။

တကယ်လို့ သင်က အရာရှိအကြီးပိုင်းအနေနဲ့ ရုံးသစ်ကို ပြောင်းရမယ်ဆိုရင်တော့

အားလုံးနဲ့ သေချာတွေ့ဆုံဖို့ အချိန်ယူပါ။

သင့်လက်အောက်က ၀န်ထမ်းတွေရဲ့ တစ်ဦးချင်းတာဝန်တွေနဲ့ သူတို့ ဘယ်လိုအခက်အခဲတွေ အများဆုံး ရင်ဆိုင်နေရတယ်ဆိုတာ သိအောင်လုပ်ပါ။ ဒီလိုဆိုရင် အသင်းအဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ပထမဆုံးနေ့ကတည်းက သင်အမှတ်တွေ ရနေပါလိမ့်မယ်။

အပြောင်းအလဲတွေ ချက်ချင်းမလုပ်ပါနဲ့ဦး။

ပထမဆုံး သင်ကိုယ်တိုင် ပတ်ဝန်းကျင်သစ်မှာ နည်းနည်းအခြေကျသွားအောင် ပြင်ဆင်လိုက်ပါဦး။ ၀န်ထမ်းတွေနဲ့ ပိုမိုခင်မင်သွားအောင် လုပ်လိုက်ပါဦး။ ပထမဆုံးနေ့ကတည်းက ချက်ချင်းကြီး ဘယ်လိုအပြောင်းအလဲကြီးကြီးမားမားတွေ လုပ်လိုက်မယ်ဆိုတဲ့ အတွေးမျိုးနဲ့ ချက်ချင်း ပြောင်းလဲပစ်ဖို့ မတွေးပါနဲ့။ ဒါဟာ လက်အောက်က အလုပ်သမားတွေ၊ ၀န်ထမ်းတွေကို တန်းဖိအားပေးလိုက်သလိုပါပဲ။

သင့်အခန်းတံခါးကို နည်းနည်းဟထားလိုက်ပါ။

သင့်အလုပ်က သင့်ကို အခန်းပေးထားတယ်ဆိုရင် တစ်ခြားသူတွေနဲ့ တစ်ခုခုခြားပစ်လိုက်သလို မဖြစ်ရအောင် အခန်းတံခါးကို လုံးဝပိတ်ထားတာမျိုး မလုပ်ပါနဲ့။ အနည်းဆုံး ခပ်ဟဟလေးထားပြီး သူတို့သိချင်၊ မေးချင်တာတွေ ရှိရင် သင့်ကို မေးမြန်းနိုင်တယ်ဆိုတာ သိအောင် လုပ်လိုက်ပါ

Credit>>>Trend Myanmar

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!