ဒေါသထွက်ရင် ဘာကြောင့်အော်သလဲ?
ဒေါသထွက်ရင်ဘာကြောင့်အော်သလဲ?
-----------
ဟိန္ဒူသူတော်စင်တစ်ဦးဟာ တပည့်သာဝကတွေနဲ့အတူ မြစ်ကမ်းတစ်ခုကိုရေချိုးဆင်းလာပါတယ်… အဲ့ဒီမြစ်ကမ်းမှာ မိသားတစ်စုဟာ တစ်ယောက်နဲ့တစ်ယောက် ဒေါသထွက်ပြီး အပြန်အလှန်အော်ဟစ်ပြောဆိုနေကြပါတယ်… သူတော်စင်က သူ့တပည့်တွေဘက်လှည့်ပြီး အပြုံးလေးနဲ့ မေးလိုက်ပါတယ်…
“လူတွေ စိတ်တိုတဲ့အခါမှာ ဘာကြောင့် အော်ဟစ်ပြောဆိုကြတာလဲ…”
တပည့်တွေက အချိန်အတန်ကြာစဉ်းစားနေကြပါတယ်… သူတို့ထဲက တစ်ယောက်ကပြောတယ်…
“ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့စိတ်ကို ငြိမ်ငြိမ်သက်သက်မထားနိုင်တော့ဘူးလေ ဒါကြောင့် ကျွန်တော်တို့ အော်ကြတာပေါ့…”
“ဟုတ်ပြီ… ကိုယ့်ဘေးနားမှာတင်ရှိနေတဲ့လူကိုကော ဘာကြောင့် အော်ပြောနေကြတာလဲ… မင်းပြောချင်တာကို ဖြည်းဖြည်းပြောလို့လည်း ကြားနေရနေတာပဲ…” သူတော်စင်က ပြန်မေးပါတယ်…
တပည့်သာဝကတွေက တခြားအဖြေတွေအမျိုးမျိုးထပ်ပေးကြပါသေးတယ်… ဒါပေမဲ့ တခြားသာဝကတွေကျေနပ်လောက်တဲ့အဖြေမျိုး မပေးနိုင်ကြပါဘူး… နောက်ဆုံးမှာတော့ သူတော်စင်ပုဂ္ဂိုလ်က ရှင်းပြပါတယ်…
“လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးဒေါသထွက်တဲ့အခါ သူတို့နှလုံးသားတွေဟာ ဝေးကွာသွားတယ်… အဲ့ဒီအကွာအဝေးကနေကြားနိုင်ဖို့ တစ်ယောက်ကိုတစ်ယောက် အော်ပြောနေကြရတာပါပဲ… သူတို့ဒေါသပိုထွက်လေလေ သူတို့ကြားကအကွာအဝေး ပိုများလာလေလေဖြစ်တဲ့အတွက် ပိုပြီးကျယ်ကျယ်အော်ပြောရလေလေပါပဲ…”
“လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိတဲ့အခါမှာဆိုရင်ကော ဘယ်လိုဖြစ်မယ်ထင်လဲ… သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်ပြီးမပြောကြပါဘူး… နူးနူးညံ့ညံ့ညင်ညင်သာသာနဲ့ ဖြည်းဖြည်းပဲပြောကြပါတယ်… ဘာကြောင့်လဲဆိုတော့ သူတို့နှလုံးသားချင်းအရမ်းနီးကပ်သွားပြီလေ… သူတို့ကြားထဲကအကွာအဝေးဟာ အရမ်းနည်းပြီး မရှိသလောက်ကိုဖြစ်သွားလို့ပါပဲ…”
သူတော်စင်က ဆက်ရှင်းပြပါတယ်… “သူတို့တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်သွားတဲ့အခါကျရင်ကော ဘာဖြစ်လာမလဲ… သူတို့စကားကိုမပြောတော့ပါဘူး… လေသံလေးလောက်နဲ့ပဲပြောဆိုကြပါတယ်… တစ်ယောက်နဲ့တစ်ယောက်ဟာ အချစ်ကြောင့် အရမ်းနီးကပ်သွားကြလို့ပဲဖြစ်ပါတယ်… နောက်ဆုံးတော့ သူတို့လေသံလေးနဲ့တောင် ပြောနေဖို့မလိုတော့ပါဘူး… တစ်ယောက်နဲ့တစ်ယောက် ကြည့်နေရုံလေးနဲ့ကို နားလည်နေနိုင်ကြပါပြီ…. ဒါဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်သွားကြတဲ့အခါ လူနှစ်ယောက်ဘယ်လောက်နီးကပ်သွားသလဲဆိုတာပါပဲ…”
သူတော်စင်က သူ့တပည့်သာဝကတွေကိုကြည့်ပြီး ပြောပါတယ်…
“ဒါကြောင့် မင်းတို့စကားများတဲ့အခါမှာ မင်းတို့ရဲ့နှလုံးသားတွေကို မဝေးကွာစေပါနဲ့… တစ်ယောက်နဲ့တစ်ယောက်ပိုဝေးကွာစေမယ့် စကားမျိုးကိုလည်း ထပ်မပြောပါနဲ့… ဒါမှမဟုတ်ရင် မင်းတို့ကြားက အကွာအဝေးဟာ အရမ်းကြီးမားပြီး ပြန်လည်ဆုံဆည်းဖို့မဖြစ်နိုင်လောက်တဲ့ တစ်နေ့ကို ရောက်ရှိသွားပါလိမ့်မယ်…”
(နှိုင်းရင့်နွေ)
Category: သုတ/ရသ/ဗဟုသုတ