လောကဓံရေဆန်လမ်း
လောကဓံရေဆန်လမ်း
============
နေက ဓနိတောအပေါ်မှာ ဝါကျင်ဖျော့ဖျော့။ ချောင်းရေတိုးတာတောင်ရပ်တော့မယ်။ ဒါဆိုရင် မြစ်ကြီးရောက်ရင်လည်း ရေဆန်ဖို့က သေချာပါတယ်။ ၁၄ တောင်လှေတစ်စင်းလုံး ထင်းတွေအပြည့်အမောက်။ ကျွန်တော်တို့သားအဖနှစ်ယောက် နေတဲ့နေရာကလေးပဲ နေရာလွတ်ကျန်တော့တာ။ ရေဆန်နေတဲ့စီးနှုန်းက ခတ်တက်ကို အားနဲ့ဖိတွန်းလိုက်တိုင်း လက်ဖနောင့်ထဲမှာ သိသာစီးပိုင်လွန်းလှတယ်။ အဖေကတက်ထိန်းရင်း ကူလှော်ပေးတယ်။ ဝေးပါသေးတယ်။ ဘေသေးလ အုပ်ရှစ်ကွင်း ကတ္တရာ .... ပြီးမှ ငပုတော။
ကမ်းစပ်ဓနိခင်းတွေကို ဖြတ်တိုက်လာတဲ့ညနေခင်းလေပြေက နွံနံ့တွေ ပျစ်ခဲလို့။ ချောင်းရေက အဝါ။ လတာပြင်ရွှံ့ တောက အပြာ။ ကမ်းစပ်ချုံတောထဲက ဗျိုင်းတစ်အုပ်ထပျံပုံက လေးလေးတွဲ့တွဲ့။ လှော်တက်ပြားတွေ ရေထဲကျသံက အိပွက်အိပွက်။
နွေကျောင်းပိတ်ရက်ထဲ အဖေ့ကျေးလက် တောင်ချောင်းတောင်ရိုးပေါ်မှာ တစ်နှစ်စာသုံးဖို့ ထင်းတွေလာခုတ်ကြတာပါ။ တောင်ပေါ်မှာ သုံးရက်လောက်ခုတ်၊ ထမ်းရတာနဲ့ လူလည်းအတော်ပန်းလှပါပြီ။ မြစ်ကိုဖြတ်ရဦးမယ်။ အဖေကပြောတယ်။
' သားရေ သွက်သွက်ကလေးဟေ့။ မြစ်မှာ ရေဆန်နဲ့ လှိုင်းရှိရင် ညဖက်ကြီးခက်မယ်' တဲ့။
အဲ့ဒီတုန်းက အဖေက အသက် ၆၀။ ကျွန်တော်က ၁၆နှစ်ပေါ့။
အဖေက သေစာရှင်စာပဲ တတ်ပါတယ်။ ဒါပေမယ့် အဖေက ဘဝရဲ့ရေဆန်လမ်းမှာ ကာလဒေသနဲ့ အံကိုက်လှုပ်ရှားရမယ်ဆိုတဲ့ အသိကို ကျွန်တော့်ရင်ထဲရောက်အောင် ထည့်ပေးခဲ့တယ်။
ကျူရှင်မရှိ ဂိုက်မရှိပဲ ဘွဲ့ရပညာတတ်တွေဖြစ်အောင်၊ အသိတရား၊ ခံယူချက်ချက်တွေ ရင့်ကျက်ခိုင်မာအောင် လူမှုရေး၊ ပညာရေး၊ စီးပွားရေး စတဲ့ ရေဆန်လမ်းအားလုံး ကိုယ့်ခွန်ကိုယ့်အားနဲ့ ရုန်းကန်ရမယ်ဆိုတဲ့အသိ ဒီ ၁၄တောင်လှေတစ်စင်းပေါ်က ရခဲ့တယ်။ ဖြတ်သန်းခဲ့ရသမျှ
အစုန်ရယ်လို့ မရှိသလောက်ပါပဲ။
သားတို့ခေတ်ကတော့ စာဆိုလည်း ကျူရှင်နဲ့ ဂိုက်နဲ့။ ရေဆိုလည်း ကျွန်တော်တို့တုန်းကလို ခပ်စရာမလို ခလုတ်နှိပ်ရုံ။ ချက်ပြုတ်ဖို့လည်း ထင်းခုတ်စရာမလို ခလုတ်ဖွင့်ရုံ။
ကွန်ပျူတာ၊ တီဗွီ၊ ဂိမ်း အားလုံးခလုတ်နှိပ်ရုံ။ သက်တောင့်သက်သာ ရေစုန်တွေချည်း။ ready made တွေချည်း။ လောကဓံရေလှည့်မသင့်လို့ ဆန်ရတဲ့အခါ သူတို့တတွေ သက်လုံရှိပါ့မလား။ ခံနိုင်ရည်ရှိပါ့မလား။
တစ်ခါလောက်တော့ အဖေ့ကျေးလက်ချောင်းရိုးထဲ ဓနိတောပေါ်ဖြတ်လာတဲ့ နွံနံ့ကိုရှုရင်း သားနဲ့အတူ လှေတစ်စင်းနဲ့ ရေကိုဆန်ကြည့်ချင်ပါသေးတယ်။
ဒီတစ်ခါ ကျွန်တော်က ပဲ့ကိုင်ပေါ့။
( အဖေသို့ အမှတ်တရ....)
Eagle Breeze
Category: သုတ/ရသ/ဗဟုသုတ

